Tuesday, February 14, 2012
အလိမ်မခံရဖို့
   လူတိုင်း လိမ်တတ်ကြ ပါသည်။ ကံငါးပါးထဲတွင်လည်း အချိုးဖောက် အလွယ်ဆုံးမှာ မုသာဝါဒပင် ဖြစ်သည်။ ဒါပေမဲ့ သူများအကျိုးအတွက် လိမ်ပေးတာနဲ့ ကိုယ့်ကျိုးအတွက် သူများထိခိုက်အောင် လိမ်တာ ဟူ၍ နှစ်မျိုးရှိတယ်။ ပထမ အမျိုးအစားကို မုသားချို
ဟုခေါ်ပြီး ဒုတိယအမျိုးအစားကိုတော့ မုသားခါးလို့ သတ်မှတ်တယ်။
      ခုပြောချင်တာက ဒုတိယ အမျိုးအစားပါ။ မုသားခါး ဆိုပါတော့။ တစ်နည်းအားဖြင့် လိမ်တာပါ။ လူတွေ ဘာကြောင့် အလိမ်ခံရလည်း ဆိုတာ လေ့လာကြည့်ရအောင်။
      (၁)အချက်.....လောဘကြီးလို့ အလိမ်ခံရတယ်
       (၂)အချက်....သနားလို့ အလိမ်ခံရတယ်
       (၃)အချက်.....အယုံလွယ်လို့ အလိမ်ခံရတယ် လို့ သုံးမျိုးရှိပါတယ်။
      ပထမအချက်ကို အရင်ရှင်းရအောင်။ လောဘကြီးလို့ အလိမ်ခံရတာမှာ လိုချင်မှုအားကြီးလေ ပိုပြီးခံရလေပဲပေါ့။ ဘယ်လို အလိမ်ခံရလည်းဆိုတော့ သာဓကပြရရင် ရွေလက်ကောက်ချထားပြီး အတူတူတွေ့သလိုလိုနဲ့ အယုံသွင်းပြီး လိုချင်လာအောင် အရင်လုပ်တယ်။ ပြီးလည်းပြီးရော တန်ဖိုးကို ဖြတ်ခိုင်း လောဘကြီးတဲ့သူက ပြန်ရောင်းရင် ပိုရမယ်ဆိုပြီးတော့ ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံ(သို့)ရွှေတို ရွှေစတွေကို ထုတ်ပေးလိုက်ရော။ အဲ့မှာတင် အကြီးအကျယ် ခံရတာပဲ။
     ဒုတိယအချက်ကတော့ သနားလို့ အလိမ့်ခံရတယ်။ သာဓက ပြရရင်တော့ လိမ်တဲ့သူက တောကတက်လာပြီး လမ်းစရိတ်ပြတ်တဲ့ ပုံစံဖမ်းတယ်။ ပြီးလည်းပြီးရော သူဆီမှာပါတဲ့ ပျားရည်အတုကို ထိုးရောင်းပြီး လမ်းစရိတ်မရှိလို့ပါဆိုပြီး နောက်ပိုင်းမင်းသမီး ရှုံးအောင် သနားစဖွယ်ပြောတယ်လေ။ ဟိုကလည်း သနားပြီး ပျားရည်ကို ယူထားလိုက်ရော။ ပျားရည်က အပေါ်ပိုင်းမြည်းကြည့်တော့လည်း အစစ်ပေါ့။ ဘယ်လိုလုပ်ထားလဲဆိုတော့။ ပုလင်းထဲကို ပျားဖယောင်းက ပုလင်းဝနားမှာ ကပ်ပြီးခံထားတယ်လေ။ အပေါ်ပိုင်းကို ပျားရည်ထည့်ပြီး ပျားဖယောင်းအောက်ဘက်ကတော့ ထန်းညက်ရည်တွေ ထည့်ထားတာပေါ့ဗျာ။ လူတွေများ သနားတာကို အခွင့်ကောင်းယူပါလားလို့ တွေးမိတယ်။
     နောက်ဆုံး အချက်ကတော့ အယုံလွယ်လို့ အလိမ်ခံရတာပေါ့။ အဲ့ဒါတွေကျတော့ နယ်ဘက်၊ရွာဘက်တွေ မှာ ပိုဖြစ်တယ်လေ။ ဘယ်လိုမျိုးလဲဆိုတော့။ စဉ်းစားဥာဏ်အားနည်း လို့ပဲပြောရမယ်။ သူတို့ က အခက်မသင့်လို့ ဒဏ်ရာ တစ်ခုခု ရရင်တောင် နတ်ဖမ်း၊စုန်းကစားလို့ ဖြစ်တာဆိုပြီး ထင်ချင်နေကြတာ။ အဲ့မှာတင် ဘိုးတော်လိမ်တွေ လုပ်စားကြတာပဲ။
       ဘယ်လိုလုပ်စားသလဲဆိုတော့ လူတွေယုံကြည်အောင် လက်လှည့်ကို အရင်သုံးတယ်။ အဲ့ဒီမှာ ယုံကြည်မှုကို ရပြီဆိုရင်တော့ သူတို့က ဘာဖြစ်အောင် လုပ်ပေးမယ်၊ ညာဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး ပိုက်ဆံတို့ ရွှေတို့ တောင်းပြီး အပြီဘုန်းပြီး အတည်းဂိုးသွားတာပါပဲ။ ဒီထဲမှာ ရင်နင့်စရာက ပိုက်ဆံတင် မဟုတ်ပဲ လူတွေပါ မသွားတာ တော်တော်ဆိုးတယ်ဗျာ။ မဂ္ဂဇင်း ဂျာနယ်တွေမှာလည်း ဒါမျိုးတွေ ခင်ဗျားတို့တော်တော် ဖတ်ရမှာပါပဲ။
       ဗဟုသုတရစေချင်လို့ ရေးပြတာလည်း တော်တော်များသွားပြီ။ ဒီလောက်နဲ့ပဲ တော်လိုက်ပါအုံးစို့။
စေပိုင်ထွဋ်(ပုသိမ်)
သဘာဝတော့ မလုပ်နဲ့လေ
   အိမ်မှာဗျာ တစ်နေ့လုံး မအိပ်ရဘူး။ ဟိုဘက်အိမ်က ကြောင်မွှေတာလေ။ ကျွန်တော်အိပ်တဲ့ ခေါင်မိုးပေါ်မှ ဒုံးဒုံဒိုင်းဒိုင်း သောင်းကျန်းနေတယ်လေ။ ကျွန်တော်လည်း ရက်ဆက်ဆိုတော့ ဘေးအိမ်ကို သွားအသိပေးရတယ်။ သူက ဘာပြန်ပြောလဲဆိုတော့
“မောင်စိုးရယ်..
 ကြောင်သဘာဝမို့ ခုန်တာပါ နားလည်ပေးလိုက်ပါ” တဲ့
   ဘယ်လိုဗျာ..။ ကိုယ့်ကြောင် ကိုယ်ထိန်းမယ် မရှိဘူး။ နားလည်ပေးလိုက်တဲ့။ ဟင့်အင်း နားတော့ မလည်ပေးနိုင်ပါဘူးဗျာ။ ကြာရင် ဟိုစာဆို အတိုင်းဖြစ်တော့မယ်။ မအိပ်မနေ ရူးကြောင်ကြောင် ဆိုလား။ ဒါနဲ့ ကျွန်တော့ အကွက်စောင့်နေတယ်လေ။ သူ့ကြောင်ကို သူပြန်ထိန်းစေမဲ့ အကွက်ပေါ့။
   အဟဲ...ကံတရားက မကြာပါဘူးဗျာ။ နောက်နေ့လည်းကျရော သူ့ကြောင်က သူ့အိမ်ရဲ့ ငါးကြော်ခိုးစားလို့ ဆိုပြီး ရိုက်နေတယ်လေ။ ငှဲငှဲ...ကျွန်တော့ အကွက်ထဲ ၀င်လာပြီလေ။ ကျွန်တော်လည်း မသိချင်ယောင်ဆောင်ပြီး သွားမေးလိုက်တယ်။
”ဟေ့ကောင် မင်းဘာလို့ ကြောင်ကို တဘုန်းဘုန်း ရိုက်နေတာလဲဟ”
“အော်...ဒါလား မပြောချင်ပါဘူးကွာ..(အဲ့လို စလာရင် ပြောချင်တာ အူယားလာပြီဆိုလိုတာ)
  ငါညကျ အလုပ်က ပြန်လာရင် စားဖို့ချန်ထားတဲ့ အုပ်စောင်းထဲက ငါးကြော်ကို
   အဖုံးလှစ်ပြီး ယူစားသွားလို့ကွ ဆုံးမနေတာ”
   အဲ့တော့ ကျွန်တော်ကလည်း...
    “မင်းကွာ ငရဲကြီးချင်လို့လား..
     စာဆိုထဲမှာတောင်ပါတယ်လေ ငါးကြော်မကြိုက်တာ ကြောင်မိုက်ဆိုတာလေ
    သဘာဝအရ မင်းကြောင်က လိမ္မာစွာ ယူစားတာကို လက်ခံလိုက်စမ်းပါ” လို့  စိတ်ထဲကတော့ မှတ်ပြီလားလို့ အခွင့်သင့်တုန်း ခွပ်လိုက်တယ်လေ အဲ...နာတောင် ကြက်ဖကြီးဖြစ်သွားပြီ။
   အဲ့တော့ သူလည်း သဘောပေါက်သွားတယ် ထင်ပါရဲ့..
   “အေးပါကွာ...ငါလည်း ငါ့ကြောင်တွေကို ညဘက်ဆို မင်းအိမ်မလာအောင်
   ကြည့်လုပ်ထားပေါ့မယ်ကွာ...” တဆက်တည်း
    “ငါ အခုမှ သိသွားပါပြီ သဘာဝဆိုတာ ဟန်မကျရင်
     တစ်ခါတစ်ခါ ဆုံးမရမယ်ဆိုတာ” လေးလေးနက်နက်ကြီး ပြောချလိုက်လေသတည်း။ ။
(အသိတစ်ခု ပေးချင်တာက ကိုယ့်သားသမီဆိုးမိုက်တာဟာ ဗီဇသဘာဝဆိုပြီး လွှတ်ပေးလို့ မရပါဘူး.. လောကနဲ့ လိုက်လျောညီထွေအောင် ပြုပြင် ဆုံးမသင့်ရင် လွှတ်မထားသင့်ဘူးဆိုတာ မိတ်ဆွေတို့လည်း သဘောပေါက်လောက်မယ် ထင်ပါတယ်)
ကျေးဇူးတင်ပါတယ်..
စေပိုင်ထွဋ်(ပုသိမ်)
ကျွန်ုပ်၏ custom messages များနဲ့ ဟာသဆန်သော အတွေ့အကြုံ
ကျွန်တော့ရဲ့ custom messages များရဲ့ အတွေ့အကြုံကို ပြန်လည် ဖောက်သည်ချခြင်းပါ။ ပေါက်ကရဖြစ်ဖြစ် လျှောက်စပ်ပြီး ရေးတင်မိတာကို အများဆီက ဝေဖန်သံ လှိုင်လှိုင်ထလာတဲ့ အကြောင်းပေါ့။
ကဲ...ပထမဆုံး ရေးတင်မိတဲဟာလေးပါ။
မိန်းမတွေ အကြောင်းလေ အဟီး..
“သံကွန်ခြာ ခုနှစ်ထပ်မကလို့
 ကြုတ်ထည့်ပြီး ဘီလူးငုံငုံ
 လက်ဖျားခါလောက်အောင်
 မိန်းမမာယာက ပေါက်ထွက်အောင်
 ဖောက်ထွက်ပစ်အုံးမယ်”.
    ဒီစာသား ရေးပြီးရော ယောက်ျားတွေက လက်ခုပ်တီး အားပေးပြီး မိန်းမတွေက မေတ္တာပို့တယ်လေ။ မေတ္တာပို့ချက်က သေနာလို့ စောင့်ကောင်တို့ ဘာတို့ ညာတို့ စုံနေတာပဲ အဟီး။ သေချာမှတ်ထားရင် ဆယ်နှစ်မျိုး ဂျင်းသုတ်လုပ်လို့ ရတယ်။ မိန်းကလေး တစ်ယောက်ဆို နင်..ငါတို့ကို စာသားနဲ့ ၀ါးလုံးချေးသုတ် လျှောက်မရမ်းနဲ့တဲ့။ ကိုယ့်နေရာမှာ ကိုယ်တင်တာ သူ့ဘာသာသူ ဖတ်ပြီးတော့ ကျွန်တော့မှာ ဘာအပြစ်ရှိလို့လဲနော်။ ခင်ဗျားတို့ပဲ စဉ်းစားကြည့် စဥ့်တီတုံးနဲ့ ဓားပေးမယ်...အဟီး။
ကဲ...ဒုတိယတစ်ခုက
“ကောင်မလေးရယ်..
 ပါးချိုင့်ဖြစ်နေတဲ့ မင်းပါးလေး
 နှာခေါင်းနဲ့ ညီအောင်
 ညှိပေးချင်တာ...
 အပြစ်များ ဖြစ်သွားလား”
    အဲ့တော့လည်း လာပြန်ရောဗျ။ ယောက်ျားလေးတစ်ယောက်က
“ဟေ့ကောင် မင်း ကောင်မလေးက ပါးချိုင့်ဖြစ်နေတာ
 ကျောက်ပေါက်နေလို့လားတဲ့ မင်းတော့ သွားပြီတဲ့”
အဲ့တော့လည်း ကျွန်တော့ ရွဲ့ပြီး ဖြေလိုက်တယ် အဟီး။
“အဲ့ဒါ ကောာင်ဘူးလားလို့
 ဂေါက်ကွင်းသွားပြီး ဂေါက်ကျင်းရှာစရာမလိုတော့ဘူးလေ
  ကျွန်တော် ဂေါက်ကွင်းကြီး ပိုင်နေပြီလို့ အဟီး”
   ကဲ...ပြီးရောမှတ်လားဗျာ။ ဒါတောင် ကောင်မလေးတွေက အကို ညီမ ပါးချိုင့်ဖြစ်တာ ဘယ်လိုလို့ သိလဲ လာမေးနေသေးတယ်။ ဟွန်း စိတ်ကို လျှော့ထားလို့နော်။ အဲ့တုန်းက ဘေးနာမှာ ငါ့စော်လေးပါလာလို့ လေ။ နောက်မို့ဆိုလို့ကတော့...ငှဲငှဲ။
  ဒီနေ့တော့ အသည်းကွဲတာကို ကြိတ်ဖြေတဲ့ အကြောင်းနဲ့ စာသားလေး တစ်ခု ရေးတင်လိုက်တယ်။ ကဲ...ဒါကတော့...
“မချစ်တာများ
 အပြစ်မြင်ကာ ပြောမနေနဲ့
 တစ်သွားရင် တစ်ဆယ်လာမယ်
 ဒီဘ၀...
 မျက်ရည်သုတ်နေမှာ မဟုတ်ဘူး...”
   ကဲ..ဘာကြာလို့လဲ။ အွန်လိုင်းမှာလည်း အဲ့လို့ ခံစားရတဲ့ သူတွေ တော်တော်များ ရှိတယ်ထင်ပါရဲ့။ အစ်ကိုကြီး တစ်ယောက်က..
“ငါ့ညီ မင်းတင်ထားတဲ့ စာသားလေး ကောင်းတယ်တဲ့”
ကျွန်တော့မှာတော့...“ ဟုတ်လား အစ်ကိုကြီးရာ.. ဘယ်လိုတွေ ကောင်းတာလဲဟင်” လို့
ဟိုအစ်ကိုကြီး တစ်ခွန်းတည်း ပြောချလိုက်တယ်..။ ညီလေးရယ် စိတ်ပျက်ဖို့တဲ့..။ ကျွန်တော့မှာတော့ အီလည်လည်ကြီးနဲ့။
   ကဲ...ရေးရတာလည်းများ ပြောရတာလည်း လေပေးတော်တော်ဖြောင့်သွားပြီး။ နောက်မှပဲ custom message အကြောင်း ဆက်ရေးတော့မယ်နော်။ အဟဲ......ကုန်ကြမ်းမရှိလို့ ရှိတာ လျှောက်ရေးတယ်လို့ မထင်ပါနဲ့။ အမှန်တကယ်က ထိုင်ရေးတာလေ အဟီး။
   ***တစ်ချက်ပြုံးတိုင်း ကောင်းခြင်း ဒီရေတိုးပါစေ***
အားလုံး ပျှော်ရွှင်နိုင်ကြပါစေ...
စေပိုင်ထွဋ်(ပုသိမ်)
သင့်ကိုယ်မှာ ကိုယ်စောင့်နတ်ဘယ်နှစ်ပါးရှိသလဲ သိချင်လား
    လောကီကျမ်းအလိုအရ ကိုယ်စောင့်နတ်များကို ကျွန်တော် ရေတွက်ပြခြင်းသာ ဖြစ်ပါတယ်။ ဖတ်ဖူးတဲ့ဟာလေးကို သူငယ်ချင်းတို့ကိုလည်း သိစေချင်လို့ ရေးသားလိုက်တာပါ။    သူငယ်ချင်းတို့ရေ ငါတို့ကိုယ်မှာ ကိုယ်စောင့်နတ် (၁၁) ပါးရှိတယ်ကွ။ ရေတွက်ပြရရင်တော့
(၁)သတ္တဘာဂ=ဖူးစာရေးနတ်
(၂)သူရဿတီ=ပညာကို ပွားစေသောနတ်
(၃)သကျနတ်=စည်းစိမ်ဥစ္စာကို ပေးသောနတ်
(၄)မဟိရာဇာနတ်=အိမ်မက်ပေးသောနတ်
(၅)၀ါမသူရာနတ်=နမိတ်ပြသောနတ်
(၆)ဇနသူရနတ်=အလှူပေးသည်ကို မှတ်တမ်းတင်သောနတ်
(၇)ကရ၀ါနတ်=ကာမသုခကို ပေးသောနတ်
(၈)ယောတနကနတ်=သွားလေရာသို့ လိုက်၍ စောင်မတတ်သောနတ်
(၉)ကလျာဏမိတ္တနတ်=ကောင်းသောစကားကို မှတ်သားသောနတ်
(၁၀)စန္ဒာဒေ၀ီနတ်=ကျက်သရေကို စောင့်သောနတ်
(၁၁)နရိန္ဒာဒေ၀ီနတ်=အိပ်သောအခါ ဦးခေါင်းရင်းက စောင့်သောနတ် တို့ ဖြစ်ပါတယ်။
    သိစေချင်တာကတော့ ဒါတွေဟာ ဗုဒ္ဓ၀င်လာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မှတ်သားထားသင့်တယ်လို့ ထင်လို့ပါ။
ကျေးဇူးတင်ပါတယ်...
စေပိုင်ထွဋ်(ပုသိမ်)
တဆင့်ကြားဟာသ ပြန်ဖောက်သည်ချ
    ရယ်မောခြင်းသည် အသက်ပိုရှည်စေ၏ ဆိုသည့်အတိုင်း ဟာသလေးတွေပြောကြမယ်။ တဆင့်ကြားကို ခင်ဗျားတို့ကို ပြန်လည်ဖောက်သည်ချတာပါ်.။ ဝေမျှကြမှုအတွက် ကြည်ဖြူစွာနားထောင်လော့။
    ကျွန်တော် စပြောပြီနော်..။ အဟမ်း...အဟမ်း... မပြောခင် ချောင်းရှင်းလိုက်အုံးမယ်။ ဒိုက်တွေပေါလို့ အဲမှားလို့ အသံကောင်းသွားအောင်လို့။
ကျွန်တော် တရားစခန်း ၀င်ရင်း သူများပြောပြတာပါ...
ကဲ...နားထောင်နော်..
အဲ...နားက နဂိုတည်းက ထောင်နေတာကို သွားလျှာရှည် မိပြန်ပြီ
ပထမလူနဲ့ ဒုတိယလူ နှစ်ယောက် တရားစခန်းမှာ တွေ့ရင်း ဆွေးနွေးကြတယ်။
ပထမ တစ်ယောက်က ။ ။ ခင်ဗျား တရားစခန်း ၀င်တာ ဘာတွေ အကျိုးရလဲ မေးလိုက်တယ်..
ဒုတိယလူ။ ။ ခင်ဗျားကလည်း တရားစခန်း ၀င်တာပဲ ခြေကျိုး လက်ကျိုး ပြရမလိုဆိုပြီး ခပ်နောက်နောက်ပြန်ဖြေတယ်..။ ပြီနောက် တစ်ဆက်တည်း ဒုတိယလူက ဆက်ပြောတယ်...။
ကျွန်တော် နဂိုက အိမ်မှာဆို အိပ်လို့ မရဘူး..။ ခုတော့ အကျင့်တစ်ခုရသွားပြီ တရားထိုင်ရင်းနဲ့ပေါ့။
ပထမလူ။ ။ ဟာ...ဘာ အကျင့်များ လဲ။
ဒုတိယလူ။ ။ အဟီး....ကျွန်တော် တရားထိုင်ရင်း အိပ်တတ်သွားတယ်။ ။
ပထမလူလည်း “အမ်” လို့ ပြောရုံမှ တပါး။
နောက်နေ့ ထပ်တွေ့တာပေါ့
ဒီတစ်ခါက ဒုထိယလူက ပထမလူကို မေးတာ။
ဒုတိယလူ။ ။ ခင်ဗျား...မေးတာ ကျွန်တော် မနေ့က ဖြေပြီးပြီ။ ခင်ဗျားရော ဘာအကျင့်ထူးတွေ ရခဲ့လဲ။
ပထမလူ။ ။ အားကျမခံ ပထမလူလည်း ပြန်ဖြေတာပေါ့။ ကျွန်တော် အစားအသောက်တွေကို အမှတ်နဲ့ စားတတ်သွားပြီခင်ဗျ
ဒုတိယလူ။ ။ ဟာ...တယ်ဟုတ်ပါလား..။ ဖြစ်ပျက်ကို တရားမှတ်ပြီး ထမင်းစားတာလား။
ပထမလူက။ ။ ဘယ်ကသာဗျာ...ထမင်းပွဲမှာ ၀က်သားမြင်တိုင်း တစ်တုံး နှစ်တုံးမှတ်ထားတယ်...။
ပြီးရင်တော့ အရေအတွက် ရေပြီးစားတယ်လေ..အဟီး
တစ်တုံး...နှစ်တုံး...စိတ်ထဲက တစ်ကောင်လုံးတောင် မှတ်ထားတာ..အဟီး
ဒီတစ်ခါတော့ ဒုတိယလူလည်း ပါးစပ် အဟောင်းသားလေးနဲ့ပေါ့...
တစ်ချက်ပြုံးတိုင်း ကောင်းခြင်း ဒီရေတိုးပါစေ
စေပိုင်ထွဋ်(ပုသိမ်)
“၀တ္ထုတို အကြောင်း နည်းနည်းလောက် ဖောက်သည်ချမယ်”
   ဟိုတလောက အွန်းလိုင်းက ကျွန်တော့ ခြေရာပျောက်ခဲ့ပါတယ်။ ခြေရာပျောက်ရတဲ့ အကြောင်းကတော့ ဖွတ်ကလိ ဒင်္ဂါးများ ပြတ်လပ်နေသောကြောင့် ဖြစ်ပါတယ်။ အဲ့တော့ ရှိသော ပိုက်ဆံလေးနဲ့ စာအုပ်အဟောင်းရောင်းတဲ့ဆိုင်ဘက် လမ်းသလားပြီး သကာလ ၀တ္ထုတိုပေါင်းချုပ်များကို ၀ယ်ဖတ်မိပါတယ်။ ဖတ်ရင်းဖတ်ရင်းနဲ့ ၀တ္ထုတိုဆောင်းပါးလေး ရေးချင်စိတ်ပေါက်လာတယ်။
    ဒါပေမဲ့ သိတဲ့အတိုင်း ခြူတစ်ပြားမှ မရှိတဲ့ ဤငမွဲ အွန်လိုင်းမှာ လက်ဆော့ရအောင် ဘယ်လိုကြံရမလဲ ခေါင်းအူအောင် စဉ်းစားနေရတယ်ပေါ့။ ဒါပေမဲ့ ကံတရားက ကျွန်တော့အတွက် ဖေးကူလာပါတယ်။ အဟဲ... စာအုပ်ရွေးရင်း ညနေစောင်း အိမ်ပြန်ချိန်ပေါ့။ ကျွန်တော့ ဦးလေးတော်သူ KTV ထဲ အဖော်အပေါင်းများနဲ့ တပျော်တပါး ၀င်သွားတာ တွေ့လိုက်ရပါတယ်။ စိတ်ထဲမှာလည်း အကွက်ဆိုက်ပြီလို့ ကြွေးကြော်လိုက်ပါတယ်။
    အဟဲ...အဲ့အကွက်က ဦးလေး မိန်းမကြောက်ဆိုတော့ ဒီလမ်းကြောင်းနဲ့ အကျပ်ကိုင် ငွေညှစ်မလို့။ အဟီး...ဥာဏ်နီ ဥာဏ်နက် ဥာဏ်ပြာ ဥာဏ်စိမ်များ ထုတ်ပြီးသကာလ ဦးလေးဆီက ငွေများကို ချူလာခဲ့တာပေါ့။ ဒါကြောင့်မို့လည်း ဒီဆောင်းပါးလေး ဖြစ်ပေါ်လာရတာပါ။ စုစောင်းထားသော ၀တ္ထုတိုသဘော တရားများကို ဖြန့်ထုတ်ခင်းပြီး ယူကြလော့။ အားလုံးကြားကြားသမျှ အမျှ...အမျှ...အဲ အမျှဝေတာနဲ့ မှားကုန်ပြန်ပြီ။ စာအစပျိုးရင်း လျှာရှည်ရေးတာလည်း မနည်းလွန်သွားပြီ။ ကဲ... ၀တ္ထုတိုအကြောင်း ပြောကြတာပေါ့။
     ထို့ပြင် မြန်မာပြည်မှာလည်း ၀တ္ထုတိုရေး စာရေးဆရာများ မြောက်များစွာ ပေါ်ပေါက်ခဲ့ဖူးသည်။ ၀တ္ထုတိုကို တစ်ကမ္ဘာလုံးက လူဖတ် အများဆုံး စာပေဟု သတ်မှတ်ထားကြသည်။ သတ်မှတ်ခဲ့ရသော အကြောင်းမှာ အချိန်တိုအတွင်း လွယ်လင့်တကူ အာရုံဝင်စားမှု ပိုကောင်းပြီး ဖတ်ရန်လွယ်ကူသောကြောင့် ဖြစ်သည်။ ထိုကြောင့် အချိန်မပေးနိုင်သူတော်တော်များများ ၀တ္ထုတိုတော့ အများအားဖြင့် ဖတ်ဖြစ်ကြသည်။
    အမေရိကန် စာရေးဆရာ အဂ္ဂါအယ်လန်ပိုး၏ ဆိုလိုချက်ကို ကောက်နုတ်ရရင်ဖြင့်...
ဝတ္ထုတိုဆိုသည်မှာ အာရုံကျက်စားမှု တခုတည်း၊ ရည်ရွယ်ချက် အထီးတည်းသာ ဖြစ်ရမည်၊ တစ်ထိုင်တည်း ဖတ်နိုင်လောက်အောင်လည်း တိုရမည်ဟု ဆိုသည်။
    “၀တ္ထုတို အစ ပုံပြင်က” ဟုဆိုရင်လည်း သူငယ်ချင်းတို့ လက်ခံမည် ထင်ပါသည်။ ကျွန်တော်တို့သည်လည်း ငယ်စဉ်တည်းက ၀တ္ထုတိုများနဲ့ ရင်းနှီးခဲ့ကြသည်ဆိုရင်လည်း ငြင်းနိုင်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်...ကျွန်တော်တို့သည် ကလေးဘ၀တည်းက အိပ်ယာဝင်ပုံပြင်များနဲ့ ရင်းနှီးခဲ့ကြသည် မဟုတ်ပါလား။
    ခုခတ်ရောက်တော့ ၀တ္ထုတိုနဲ့ ပတ်သက်ပြီး အသံမျိုးစုံနဲ့ ယူဆချက်များ စုံလင်လာပါသည်။ ထိုအချက်တို့မှာ...
ဝတ္ထုတိုဆိုသည်မှာ ဇာတ်လမ်းရှိစရာမလို၊အဖြစ်အပျက်ကို ရေးပြခြင်းမဟုတ်၊ အာရုံခံစားမှုကို ရေးပြခြင်း သဘောဟု ဆိုသူက ဆိုသလို
နောက်တစ်မျိုး...
    ဇာတ်ဆောင်၊ဇာတ်လမ်း၊ဇာတ်ဆောင် သရုပ်ဖော်ပါမှ ၀တ္ထုတိုဟု ဆိုသူက
နောက်တစ်နည်းက
   “၀တ္ထုတိုသည် အချိန်ကာလ ကန့်သတ်ချက်ရှိသည်။ အကြောင်းတစ်ခုတည်းဟူသော ကန့်သတ်ချက် အောက်၌ ရေးရသည်။ သို့သော်လည်း လိပ်ပတ်လည်အောင် နောက်ကြောင်းပြန်ပြောသောအခါ သက်ဆိုင်သလောက် ကာလကို ဆန့်နိုင်သည်။ နေရာဒေသကို ဖြန့်နိုင်သည်ဟု ဆိုသလို
နောက်ပြီး
     သရုပ်မှန်သဘောကို အခြေခံကာ ဒေသစရိုက် သဘာဝကို ယုတ္တိရှိအောင် အလေးထား ရေးဖွဲ့ခြင်း စသည်ဖြင့် ယူဆချက်များ စုံလင်လှပါသည်။
    သို့သော် ကျွန်တော်ကတော့ တစ်ခုသော ၀တ္ထုတိုစာတန်းဖတ်ပွဲမှာ ဆရာဆင်ဖြူကျွန်းအောင်သိန်း၏ စကားကို ပိုနှစ်ခြိုက်မိပါသည်။
သူပြောတာက...
“ချောင်းဆိုးလိုခြင်း နှာချေ လိုခြင်းကို အောင်းအီးထားရလျှင် ပြင်းထန်သော ဆင်းရဲကို
 ခံစားရသည့်နည်းတူ တင်ပြလိုသော အရာများကို ကြာမြင့်စွာ ဆိုင်းငံပထားရလျှင် နေမထိ ထိုင်မသာ ခံစားရမည်သာ။
 ထိုအခက်အခဲများကို ဖြေရှင်းရန်အတွက် ၀တ္ထုတို အရေးအသား ပေါ်ပေါက်လာသည်ဟု ထင်ကြောင်း” ပြောဆိုခြင်းကို ပိုသဘောကျမိပါကြောင်း ၀န်ခံအပ်ပေသည်။
    ဒီဘက် ခေတ်မှာတော့ ၀တ္ထုတိုများ ခေတ်စားလာပါသည်။ တိုနိုင်သလောက် တိုလာကြသည်ကိုလည်း တွေ့ရပါသည်။ ခုဆို သုံးကြောင်း ၀တ္တုတိုများ ရေးလာကြသည်ကို တွေ့လာကြပါသည်။ ဘာပဲပြောပြော ၀တ္ထုတိုလောက တိုးတက်လာသည်ဟု ခေါ်ဆိုနိုင်ပေသည်။
    သင်တို့ရော ၀တ္ထုတိုများကို ဘယ်လို သဘောထားပါသလဲ။ ကျွန်တော်က သိသလောက်လေး မျှကြည့်တာပါ။ အမှားရှိခဲ့လည်း ပြင်ပေးလှည့်ပါလို့ ပြောကြားရင်း နိဂုံးနဲ့ ဘိုင့်ဘိုင် နှုတ်ဆက်လိုက်ပါသည်။
အားလုံး  ကျေးဇူးတင်ပါသည်...
စေပိုင်ထွဋ်(ပုသိမ်)
တရားထိုင်လို့ ရူးမသွားနိုင်ပါဘူး
   တချို့က ကျွန်တော့ကို ပြောတယ်။ တရားအထိုင်လွန်ရင် ဂေါက်သွားတတ်တယ်လို့လေ။ အဲ့ဒါက ဘာမှတော့ မဆိုင်ပါဘူး။ တရားထိုင်လွန်းလို့ မဟုတ်ပါဘူး။ အာရုံကို လွှတ်ထားလိုက်လို့ ဖြစ်သွားတာပါ။
   ထိုသို့ ဖြစ်ရတဲ့သူတွေဟာ အများအားဖြင့် တရားထိုင်ရင်း သမာဓိ မရသေးခင်မှာ စိတ်က ပင်မရှုကွက်အာရုံက လွတ်ထွက်သွားပြီ ပေါ်လာတဲ့ အာရုံကို မြင်တယ် ကြားတယ် လို့ အမှတ်မထားနိုင်ဘဲ စိတ်ကိုလွှတ်ထားပြီး စဉ်းစားတွေးတောလာတဲ့အတွက် ထိုအာရုံတွေက ပိုမိုထင်ရှားလာခြင်းပါ။ အဲ့တော့ စိတ်ထဲမှာ သရဲတစ္ဆေနဲ့ တွေ့ရသလိုလို၊ ဘိုးဘိုးအောင်နဲ့ တွေ့သလိုလို၊ ဒါမှမဟုတ် ရဟန္တာဘဲ မြင်ရသလိုလို အစုံပေါ့ဗျာ။ အဲ့တော့ တချို့ စိတ်မခိုင် စိတ်မနိုင်တဲ့သူက ရူးတာပေါ့ဗျာ။ တချို့ မရူးတဲ့လူကြတော့ ဘ၀င်မြင့်သူတွေ စိတ်ကူးယဉ်သူတွေ လေကြီးလေကျယ်ပြောသူတွေ ဖြစ်ကုန်ရော။
   အဲ့ဒီနေရာမှာ တရားရှုမှတ်ပုံနဲ့ ပတ်သက်ပြီ ဆရာကောင်း၊သမာကောင်းတွေက စကားပြောလာပါပြီ။ ထိုသူတို့ကို နားဝင်အောင် တရားသဘောကို အသေးစိတ်ကျကျ ရှင်းပြဖို့နဲ့ လုပ်ဆောင်နည်းတွေကို တကယ့်နည်းပြကြီးတွေမှ လုပ်ပေးနိုင်မှာပါ။
   တချို့ဆို သူကို့ သရဲတစ္ဆေတွေက မထိုင်ရအောင် နှောင့်ယှက်နေပါတယ်ဆိုလို့ ဆရာတော်ကြီးတွေက အုပ်ထိန်းသူတွေ စိတ်ချမ်းသာအောင် ပြုလုပ်ပေးရုံမက ဆေးခန်များကိုပါ ပြခိုင်းပါတယ်။ ထိုအခါမှ ဆေးခန်းက ဆေးစားပြီး တချို့ဆို သက်သာလာကြပါတယ်။ တချို့လည်း အမြင်မှန်ရလာပါတယ်။
   ကျွန်တော် ပြောချင်တာက တရားထိုင်လို့ ရူးမသွားဘူး ဆိုတဲ့ အကြောင်းပါ။ မရူးယုံအပြင် ပြန်လည် လူကောင်းဖြစ်နိုင်ပါတယ်။ ထိုအကြောင်းကို ဘုရားဟောထဲမှာလည်း ရှိပါတယ်။ ပဋာစာရီထေရီမဟာ ကြော်ကြားတဲ့ သဓကတစ်ခုပဲ မဟုတ်ပါလား။ သူဆို လောကဓံရဲ့ ရိုက်ချက်ကြောင့် အ၀တ်မ၀တ်နိုင်ပဲ သွပ်သွပ်ခါအောင် ရူးနေတဲ့သူပါ။ ဘုရားရှင်ရဲ့ တရားနာရလို့ တထိုင်တည်းကို ရှုမှတ်ဆင်ခြင်လိုက်တာ အရူးစိတ်ပျောက်ပြီး သောတပန်မကြီးဖြစ်၊ အဲ့ဒီကနေပဲ နောက်ပိုင်း ဧတဒဂ်ရ ရဟန္တာမကြီး ဖြစ်လာခဲ့တာ မဟုတ်လား။
   ဒါကြောင့် ကျွန်တော့ကို တရားအထိုင်လွန်ရင် ကျပ်မပြည့်နိုင်ဘူး အဆိုပြောရင် လုံးဝလက်မခံနိုင်ကြောင်း ဤနေရာကနေ ရေးသားလိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်
စေပိုင်ထွဋ်(ပုသိမ်)